ကြော်ငြာလေး တွေကြောင့် စိတ်မပျက်စေလိုပါ.. ကျွန်တော် ပရဟိတ လေးတွေအတွက် ခုလိုဝင်ငွေ ရှာခြင်းဖြစ်ပါတယ် ရတာလေးတွေကို Domain&Hosting တွေဝယ်ပြီး လှူ ဒါန်းမှာဖြစ်ပါတယ် တချက်လောက်ကလစ်ခြင်းဖြင့် ကူညီပါနော်

Wednesday, 14 January 2015

ပီမိုးနှင်း


ပီမိုးနင်း
ပီမိုးနင်း
မွေးသက္ကရာဇ်၁၂၄၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၆ ရက်
မိဘများ
အမည်ရင်းမောင်ကျော်ညွန့်
နိုင်ငံသားFlag of Myanmar.svg မြန်မာ
မွေးရာဇာတိသုံးဆယ်မြို့၊ ရွာမရပ်
အလုပ်အကိုင်စာရေးဆရာ၊
ထင်ရှားကျော်ကြားမှုထင်ရှားသော စာရေးဆရာ
ကိုးကွယ်သည့် ဘာသာဗုဒ္ဓဘာသာ

ရုပ်သွင်

ဆရာပီမိုးနင်း၏ ရုပ်ရည်မှာ လွန်စွာထိုင်းမှိုင်း လေးကန်လေသည်။ အသားအရည် စိုနေပြီး အတော်ပင် ဝသည်။ သူသည် ကတုံးဗိုကေကလေးနှင့် ဖြစ်လေ၏။ အကျႌလက်တို ကော်လန်ကလေးဝတ်ထား၍ အပေါ်အကျႌမပါ။ ရခိုင်လုံချည် အနီနှင့်အစိမ်းကွက်ကို ဝတ်ဆင် ထားလေသည်။ လက်တအုပ်ခန့်ရှိ အပြားရှိသော ခါးပတ်စိမ်းကြီးမှာ သူ၏ တုတ်ခိုင်သော ခါးတွင် ရေစည်သံပတ်ကြီးကဲ့သို့ ထင်ရှားစွာ ပေါ်လျက်ရှိပေသည်။ သူ့ရုပ်ကိုကြည့်လျှင် တရုပ်ကပြားကြီးနှင့် တူလေသည်။ [၁]

ငယ်ဘဝ

ကျွန်ုပ်သည် ၁၂၄၅ ခုနှစ် တန်ဆောင်မုန်း လဆန်း ၆ ရက် တနင်္လာနေ့ နံနက် ၉ နာရီ၊ ‘ဆွမ်းတော်ဗျို့’ ဟု အော်ပြီး ဘုန်းကြီး ကျောင်းသား ကလေးများ ဆွမ်းခံသော အချိန်၌ မွေးဖွား ခဲ့လေသည်။ ကျွန်ုပ်ကို ဖွားမြင်သော ထိုနေ့ နံနက်၌ မိုးနှင်းများ ထူထပ်စွာ ကျရောက် နေရကား အချိန် ၉ နာရီ၊ ၁ဝ နာရီ ထိသည် တိုင်အောင် နေရောင်ခြည်ကို ကောင်းစွာ မမြင်ရချေ။ ထိုမျှ ထူထပ်စွာ ကျရောက် နေသော မိုးနှင်းများကို အစွဲပြု၍ ကျွန်ုပ်အား ‘မိုးနှင်း’ ဟူသော အမည်ဖြင့် ရပ်ရွာက အသိအမှတ် အမည် ပေးကာ ခေါ်ဝေါ်ခဲ့ ကြလေသည်။'

ဤသို့လျှင် ဆရာကြီး ပီမိုးနင်းသည် မိမိ၏ အတ္ထုပ္ပတ္တိ ဖြစ်သော ‘ပီမိုးနင်း၏ ပီမိုးနင်း’ စာအုပ်တွင် မှတ်တမ်း တင်ခဲ့သည့် အတိုင်း သက္ကရာဇ် ၁၂၄၅ ခုနှစ် အတွင်းက သုံးဆယ်မြို့ ရွာမရပ်တွင် ဖွားမြင်ခဲ့သူ ဖြစ်ပေသည်။ ငယ်မည်မှာ ‘မိုးနှင်း’၊ ‘မိုးနင်း’ ပင် ဖြစ်ပါ၏။ ဇာတာအမည်မှာမူ ‘မောင်ကျော်ညွန့်’ ဖြစ်သတည်း။

အမိ၊ အဖများမှာ ဆင်းရဲ နွမ်းပါး ကြကုန်သည်။ ထို့ကြောင့်လည်း အမိ လုပ်သူသည် တောင်းရွက်၍ ဈေးထွက် ရောင်းရသော အချိန်များတွင် မောင်ကျော်ညွန့်ခေါ် ပီမိုးနင်းသည် ငယ်ရွယ် သေးသူပင် ဖြစ်လင့် ကစား အိမ်တွင် နေရစ် ခဲ့ရ၍ ကွေးလေး နုနယ် နှမငယ်ကို ထိန်းခြင်း သိမ်းခြင်းများ ပြုလုပ်သည့် အပြင် အခြား အချိန်များ ၌လည်း မိမိ အဝတ်၊ နှမငယ် အဝတ်၊ အမိအဝတ် တို့ကို လျှော်ခြင်း ဖွပ်ခြင်း၊ ဟင်းရွက် ဟင်းလျာ ရှာခြင်း ဖွေခြင်း၊ ညစာ နံနက်စာ ချက်ခြင်း ပြုတ်ခြင်း စသော ဗာဟီရ အလုပ်များကို လုပ်ကိုင်ရ ရှာသည်။

သို့နှင့် အသက် အတန်ငယ်ရင့်မှ အာ-စီ-အင် (မ်) ခရစ်ယာန် သာသနာပြု ကျောင်းတွင် စာပေ သင်ကြားခွင့် ရတော့သည်။ ထိုကျောင်းတွင် ၃ နှစ်ကျော် ၄ နှစ်ခန့် နေ၍ အင်္ဂလိပ် - မြန်မာ ၄ တန်း အောင်ပြီးနောက် ကျောင်းအုပ် ဖြစ်သော ခရစ်ယာန် ဘုန်းကြီး ဖာသာရ်-ဝဲလဝါး၏ စောင်မ ကြည့်ရှုမှုခြင့် မော်လမြိုင် မြို့ရှိ ‘ဆန်မာနာရီ’ ကျောင်း (Seminary School) ခေါ် ဘုန်းကြီး အတတ်သင် ကျောင်းသို့ သွားရောက် သင်ကြားခွင့် ရပြန်သည်။ ထိုကျောင်းတွင် လက်တင် ဘာသာ၊ လက်တင် သဒ္ဒါကို အထူး တတ်မြောက် ပေသောကြောင့်လည်း ပညာကို တိုးတက် သင်ကြား စေအံ့သောငှာ ၃ နှစ်ခန့် အကြာတွင် ပလေပီနံ မြို့ရှိ ‘ဂျင်နရယ် ကောလိပ်’ (General College) ခေါ် ပြင်သစ်ပြည် ပါရစ် မြို့တော်မှ တဆင့် ခွဲ၍ ထားသော သိပ္ပံ ကျောင်းကြီးသို့ ပို့လွှတ်ခြင်း ခံရသည်။ သို့ရာတွင် ဗရင်ဂျီ ဘုန်းကြီး လုပ်ရန်ကို များစွာ စိတ်မပါလှ။ ထို့ကြောင့်လည်း ပလောပီနံသို့ ရောက်၍ များမကြာမီ အသက် ၁၉ နှစ် အရွယ်တွင် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိ လာပြန်ကာ ရှေးဦးစွာ ငယ်ဆရာ ငယ်ကျောင်း ဖြစ်သော ဖာသာရ်-ဝဲလဝါး၏ အာ-စီ-အင် (မ်) ကျောင်းတွင်ပင် ဆရာ အဖြစ် ခန့်ထား ချီးမြှင့်ခြင်း ခံရသည်။

သည့်နောက်ပိုင်း တွင်မူ ကြို့ပင်ကောက်သို့ ပြောင်းပြန်ကာ အာ-စီ-အင် (မ်) ကျောင်းဆရာ အဖြစ် ခေတ္တ ခဏမျှ လုပ်ကိုင် လိုက်သေး၏။ သို့ရာတွင် ဆင်းရဲ နွမ်းပါး သူတို့ အကြား စိတ်၏ တည်ငြိမ်မှု မရရှိနိုင် သေးရကား ထိုမှ ဤမှ လှည့်လည် သွားလာ နေပြန်ကာ နောက်ဆုံးတွင် ပြည်မြို့သို့ ရောက်သွားသည်။ ပြည်မြို့ တွင်လည်း ခေတ္တ ခဏမျှ လောက်သာ ပြည် ဆေးရုံကြီး၌ စာရေးကြီး အဖြစ် ဝင်ရောက် လုပ်ကိုင်ပြီး လယ်တီ ဆရာတော် ဘုရားကြီး ပြည်မြို့သို့ကြွလာတော် မူခိုက်တွင် အလုပ်မှ ထွက်ပြန်ကာ ဆရာတော် ဘုရားကြီး အထံတော်တွင် ပဥ္စင်း ခံလေသည်။

နောက် ပဉ္စင်းဝတ်နှင့်ပင် ရန်ကုန်မြို့သို့ ရောက်သွားသည်။ သို့ရာတွင် တည်းစရာ ခိုစရာ မရှိ။ ညောင်တုန်း ကျောင်းတိုက်၊ ဦးဗျား တောရ ကျောင်းတိုက်၊ ဂျောင်ဝိုင်း ကျောင်းတိုက် တို့သို့ လှည့်လည် နေနားပြီး နောက်ဆုံးတွင် သိက္ခာချ သင်္ကန်းချွတ်၍ လူဝတ်လဲ လိုက်သည်။

စာပေအရေးအသားတွင် အထူးဝါသနာ ထုံပေသော ဆရာကြီး ပီမိုးနင်း၏ စာရေးဆရာ ဘဝကား စပေပြီ။ သင်္ကန်းဝတ်နှင့် ရှိစဉ် ‘လောဂျစ်’ ခေါ် ‘တက်ကျမ်း’ တစောင်ကို ပြစု ပြီးခဲ့ပေ၏။ ယခုသော် ဝမ်းရေး အတွက် ထိုကျမ်း ကလေးကို ရောင်းရ ပေတော့မည်။ ထို့ကြောင့် ဟံသာဝတီ သတင်း စာတိုက်သို့ သွား၍ ထိုကျမ်း ကလေးကို ပြရှာ၏။ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သည့် စာပေ ဟူ၍ ပယ်ခြင်း ခံရသည်။ သို့ရာတွင် ထိုတိုက်ရှင် သူဌေး မစ္စတာ ရစ်ပလေ၏ ညှာတာ ထောက်ထားမှုကြောင့် ထိုတိုက်တွင်ပင် တလလျှင် ၃ဝိ ဖြင့် ဘာသာပြန် အလုပ်ကို လုပ်ကိုင်ခွင့် ရခဲ့သည်။

ဤ သတင်းစာ တိုက်တွင်လည်း များစွာ မကြာခဲ့။ ၆ လခန့် ရှိသော အခါ ကျန်းမာရေး ချွတ်ယွင်းမှုကြောင့် အလုပ်မှ ထွက်လိုက်ရ ပြန်ကာ ကျန်းမာ လာပြန်သော အခါ ၌လည်း အလုပ်အကိုင် ရှားပါးမှုကြောင့် အမြို့မြို့ အနယ်နယ်သို့ လှည့်လည် ရှာဖွေရ ပြန်သည်။ နောက်ဆုံးတွင် ဟင်္သာတ မြို့အနီး ဓမ္ဈီမြို့သို့ ရောက်သွားကာ ငယ်ဆရာ ဖာသာရ်-ဝဲလဝါး၏ ကျေးဇူးကြောင့်ပင် ဓမ္ဈီကျောင်း၌ ဓမ္ဈီ ကျောင်းအုပ်ကြီးက ကျောင်းဆရာ အဖြစ် ခန့်အပ်ခြင်း ခံရသည်။

ထိုအတွင် ဆရာကတော်လောင်း ဒေါ်စိန်တင့်နှင့် ချစ်ကြိုက် ရည်ငံကာ များမကြာမီပင် လူကြီး မိဘများ၏ သဘော တူညီချက် အရ လက်ထပ် လိုက်ကြသည်။ ဆရာကြီးကား ထိုအချိန်တွင် အသက် ၂၄ နှစ်ခန့် ရှိပေပြီ။

ချစ်စခင်စ ကြင်နာစ ဖြစ်သော ဇနီးကလေး အားလည်း မျက်စိ အောက်က အပျောက် မခံနိုင်အောင် ချစ်လွန်း လှသည့် အပြင် ယောက္ခမ လုပ်သူ များကလည်း လယ်ယာ ချောင်းမြောင်းနှင့် အတော်အသင့် ပြည့်စုံသူများ ဖြစ်သဖြင့် အလုပ်မှ ထွက်လိုက် ပြန်လေသည်။ သို့နှင့် နောက်တနှစ်တွင် သားဦးကလေး မောင်ကျော်စိုးကို ဖွားမြင်ခဲ့ပေသည်။

ဆရာကြီး အသက် ၃ဝ ခန့်အရွယ်၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၁၄ ခုနှစ်တွင် ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်၌ သုံးဆယ်မြို့တွင် မိတ်ဆွေများ အကူအညီဖြင့် စာပုံနှိပ်စက်တစက် ထောင်ကာ ‘မြန်မာ့ မိတ်ဆွေ မဂ္ဂဇင်း’ ကို ထုတ်ဝေနေခိုက် ဖြစ်သည်။ သို့ရာတွင် စစ်၏ဒဏ်ကြောင့် စက္ကူများလည်း လုံလောက်စွာ မရ၊ ဈေးနှုန်း ကလည်း အဆမတန် ကြီးလေး လာရကား မဂ္ဂဇင်း ထုတ်ဝေခြင်းကို ရပ်စဲပြီး ၆ နှစ်သား ဖြစ်သော သား မောင်ကျော်စိုးနှင့် ဇနီး ဒေါ်စိန်တင့် တို့ကို ထားခဲ့ကာ ရန်ကုန်မြို့သို့ အလုပ်ရှာ သွားပြန်သည်။

ရှေးဦးစွာ သူရိယ သတင်းစာ တိုက်တွင် စစ်သတင်း များကို ဘာသာပြန်ဆို ရေးသားသည့် ဘက်၌ အလုပ်ရ၏။ နောက် မြန်မာ့ အလင်း သတင်းစာ တိုက်သို့ ရောက်ရှိ သွားပြန်၏။ ထိုမှ တဖန် သူရိယ သတင်းစာ တိုက်သို့ သံသရာလည် လာပြန် သေး၏။

သူရိယ သတင်းစာ တိုက်တွင် လုပ်ကိုင် နေခိုက် အလုံရပ်ရှိ ‘ဘက်ပတစ်’ ကျောင်း၌ လက်တင်ဆရာတယောက် အလိုရှိကြောင်း ကြော်ငြာစာ တွေ့သဖြင့် အမည်ရင်း ဖြစ်သော ‘မောင်ကျော်ညွန့်’ အမည်နှင့် လျှောက်ထားရာ မြန်မာလူမျိုးကို မခန့်နိုင်ကြောင်းနှင့် နောက်တနေ့တွင် စာပြန် လာလေသည်။ ထို့ကြောင့် အင်္ဂလိပ် အမည်ယောင်ယောင် ရှိသော အရပ်ခေါ် ‘မိုးနှင်း’ ကို သတိရ လာကာ မော်လမြိုင် သွားစဉ်က ယူထားသော ဗရင်ဂျီ ဘာသာ အမည် ဖီးလစ် (Philip) အနက် မှ အစလုံး အတိုက်ကောက် ယူ၍ ပီမိုးနင်းဟု တကြိမ် ထပ်မံ၍ လျှောက်လွှာ တင်ပြန်သော အခါ ကျမှ လက်တင်ဘာသာ ကိုလည်း နဂို တတ်ကျွမ်းမှု ဓာတ်ခံ ရှိသည့် အလျောက် အလုပ်ရလေ တော့သည်။ ထိုကျောင်းတွင် ဆရာကြီးသည် လက်တင်စာများကို ၄ တန်းမှ ၁ဝ တန်း အထိ တယောက်တည်းသင်ကြား ပေးရ၏။

နောက် နွေလ ကျောင်းပိတ်ရက်သို့ ရောက်သော် ပေါ်ထွက်စ ဖြစ်သော ပညာ့ အလင်း မဂ္ဂဇင်းနှင့် အခြား အခြားသော မဂ္ဂဇင်း တို့သို့ ဝတ္ထုများ၊ ဆောင်းပါးများကို ရေးသား ပေးပို့နေရာမှ ပညာ့အလင်းမဂ္ဂဇင်း ပိုင်ရှင် ဦးတင်၏ တောင်းပန်ချက်အရ ထိုမဂ္ဂဇင်း တိုက်သို့ ဝင်ရောက်ကာ လစဉ် ဝတ္ထုနှင့် အခြားအခန်းပေါင်း များစွာကို တာဝန်ယူရ၏။ သို့နှင့် မဂ္ဂဇင်းမှ တဆင့် သတင်းစာကိုပါ တိုးချဲ့ လိုက်သော အခါတွင် ‘ဘက်ပတစ်’ ကျောင်းသို့ မပြန်တော့ဘဲ ထိုမဂ္ဂဇင်း၊ သတင်းစာနှစ်ခုစလုံးတွင်ပင် တည်းဖြတ်သည့်ဘက်မှ ဆက်လက် လုပ်ကိုင်လေတော့သည်။

ပညာ့ အလင်း သတင်းစာ၌ ‘ပိုက်ဆံကြီး’ အမည်ဖြင့် ဆောင်းပါး များကို လည်းကောင်း၊ နေရီရီ၊ ပွဲစားကြီး သားအဖနှင့် မြမြ စသော ဝတ္ထုရှည်ကြီး များကို လည်းကောင်း ရေးသား ခဲ့ပေ၏။ သို့ရာတွင် ပညာ့ အလင်း ၌လည်း များစွာ မကြာ။ အလုပ်မှ ထွက်ပြီးနောက် ‘အောင်တော်မူ’ ခေါ် တနင်္ဂနွေ တပတ်လျှင် တကြိမ်ထုတ် ဝတ္ထုကလေး များကို ထုတ်ဝေ ပြန်လေသည်။ ဤတွင်လည်း များစွာ အကျိုးမပေး။ ထိုကြောင့် ဝတ္ထု စာအုပ်ကလေး ၁၄ အုပ် ထုတ်ပြီးသည့် အဆုံးတွင် ရပ်စဲလိုက်ရသည်။

ဤသို့ အားဖြင့် ‘စာရေး ဆရာ၏ နိမ့်တုံ နိမ့်တုံ ဘဝ’ နှင့်ပင် ဒဂုန် မဂ္ဂဇင်း၊ လန်ဒန်အတ် မဂ္ဂဇင်း၊ ကဝိမျက်မှန် မဂ္ဂဇင်း၊ ကဝိတံခွန် မဂ္ဂဇင်း၊ ဗြိတိသျှ ဘားမား မဂ္ဂဇင်း၊ တက္ဗသိုလ် မဂ္ဂဇင်း၊ သူရိယ မဂ္ဂဇင်း စသော မဂ္ဂဇင်းများ၊ သူရိယ သတင်းစာ၊ မြန်မာ့ အလင်း သတင်းစာ၊ သစ္စာဝါဒီ သတင်းစာ၊ ဗန္ဓုလ သတင်းစာ စသော သတင်းစာများ၊ ဗန္ဓုလ ဂျာနယ်၊ ဒီးဒုတ် ဂျာနယ် စသော ဂျာနယ်များတွင် ဝတ္ထုများ၊ ဆောင်းပါးများကို အများအပြား ရေးသား လေတော့သည်။

ထိုအခိုက် ဗန္ဓုလ ဂျာနယ်တွင် ခေတ္တ ခဏမျှ ဝင်ရောက် လုပ်ကိုင်ရင်း ပိုင်ရှင်များက ဗန္ဓုလ သတင်းစာနှင့် ဗန္ဓုလ ရုပ်ရှင် တို့ကိုပါ တိုးတက် ချဲ့ထွင် လိုက်သော အခါ သား ဖြစ်သူ မောင်ကျော်စိုးက ရှေးဦး ပထမ ‘ချစ်တဲ့သူရယ်’ ဇတ်ကားတွင် ဇာတ်လိုက် အဖြစ် ပါဝင် ရိုက်ကူးသည်။ ထိုအခါ ဆရာကြီးက ကိုယ်တိုင် ကိုယ်ကျ ဒါရိုက်တာ အဖြစ် သင်ကြား ပြသသည်။

နောက် သား မောင်ကျော်စိုးသည် ဗြိတိသျှ ဘားမား ရုပ်ရှင်သို့ ရောက်သွား ပြန်၍ ‘တကိုယ်တော်’ ဇတ်ကားကို ရိုက်ကူးသည်။ ထိုစဉ် အခါ တွင်လည်း ဆရာကြီး ကိုယ်တိုင် အကူအညီ များစွာ ပေးခဲ့သည်။ ထို့နောက် ‘ဆယ်နာရီ’ ဇတ်ကားကို ဆက်လက် ရိုက်ကူး နေစဉ် အတွင်း သား မောင်ကျော်စိုးမှာ လူမသမာ တဦး၏ ဓားချက်ကြောင့် အသက် ပါသွားရ ရှာပေသည်။ ဆရာကြီးကား စုတ်တသပ်သပ်နှင့် အထူး တလည်ပင် နှမြော တသ ရှာမိ၏။ စိတ်အပျက်ကြီး ပျက်လျက် အလုပ်မှလည်း တခါတည်း ထွက်လိုက် ပေတော့သည်။ ဖခင် နည်းတူပင် မျက်စိ အလင်း ချွတ်ယွင်း ခဲ့ရသဖြင့် ပူဆွေး သောက ရောက်နေ ရှာသော မိခင် ဒေါ်စိန်တင့် မှာလည်း ၃ လ နီးပါးခန့် မစားနိုင် မသောက်နိုင် ဖြစ်ပြီးသည့်နောက် ချစ်သား၏ နောက်သို့ ကောက်ကောက် ပါအောင် လိုက်သွား ရှာလေသည်။

သားနှင့် ဇနီးတို့ မရှိလျှင် ဆရာကြီး ပီမိုးနင်းသည် ကြွင်းကျန် ရစ်ခဲ့သော သား သမီး တို့ကို ဒေါ်စိန်တင့်၏ ဆွေမျိုးများ ရှိရာ ဓမႝီမြို့သို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် ပို့အပ် ခဲ့ပြီးလျှင် ရန်ကုန်မြို့သို့ ပြန်လာကာ ဝါသနာ ရှိရင်းစွဲ အတိုင်း ဝတ္ထုများ၊ ဆောင်းပါးများ ရေး၍ ဝမ်းကျောင်းရ ရှာပြန်သည်။

ဘဝနိဂုံး

သို့နှင့် မြန်မာ စာဖတ် ပရိသတ်၏ စိတ်နှလုံးကို ယခုထက် တိုင်အောင်ပင် ယူကျုံး စွဲမက်လျက် ရှိစေသည့် ဝတ္ထုရှည်၊ ဝတ္ထုတို အမြောက်အမြား၊ ဆောင်းပါး၊ ကဗျာ အမျိုးမျိုး၊ ကြီးပွား တိုးတက်ရေး ဆိုင်ရာ စာအုပ် စာတမ်း အဝဝကို ကျန သေချာ ရေးသား ဖြန့်ဖြူး ခဲ့ပေသော ဆရာကြီး ပီမိုးနင်းသည် အသက် ၅၆ နှစ် အရွယ် သက္ကရာဇ် ၁၉၄၀ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၃၀၁ ခုနှစ် နတ်တော် လဆုတ် ၁၂ ရက်နေ့) နံနက် ၉ နာရီနှင့် ၁၉ မိနစ် အချိန်တွင် စက်ဘီး တိုက်မိသဖြင့် ပေါင်ကျိုးခဲ့ရသည့် ဒဏ်ရာမှ နာလန် မထနိုင် ရှာတော့ဘဲ ဘဝ ဇာတ်ထုပ် ချုပ်ငြိမ်း၊ ပျောက်ကွယ်သွားရ ရှာပါ သတည်း။ ။

ပီမိုးနင်း ရာပြည့်ပွဲ

၁၉၈၃-ခုနှစ်၊ နိုဝင်ဘာ(၆)ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်း၊ ရာမခရစ်ရှနာ စာကြည့်တိုက်အဆောက်အဦ၌ စာရေးဆရာကြီး ပီမိုးနင်း ရာပြည့်ပွဲတော် အခမ်းအနား ကျင်းပသည်။ [၂]

ထင်ရှားသောလက်ရာအချို့

  1. ကမ္ဘာ့မင်တံကျမ်း၊
  2. လက်တွေ့ကြီးပွားရေးကျမ်း၊
  3. အပျိုစိတ်ကျမ်း၊
  4. လူပျိုစိတ်ကျမ်း၊
  5. အောင်စိတ်၊
  6. သားဂုဏ်ရည်
  7. သမီးဂုဏ်ရည်၊
  8. မိန်းမစိတ်ကျမ်း၊
  9. ကာမသိဒ္ဓိကျမ်း၊
  10. လောကီလမ်းညွှန်၊
  11. အစ္စလမ်အလင်းပြကျမ်း၊
  12. ကမ္ဘာ့အလင်း ကျမ်း၊
  13. ထွက်သက်ဝင်သက်ကျမ်း၊
  14. သိသူဖော်စား မသိသူကျော်သွား၊
  15. နိုင်ငံရေးကျမ်း။

ဝတ္ထုများ

  1. နေရီရီ၊
  2. ပွဲစားကြီးသားအဖနှင့်မြမြ၊
  3. ဘီအေမောင်တင့်နှင့် ကချေသည်မယ်မြင့်၊
  4. သဲမြညှာ၊
  5. တစ်ကိုယ်တော်၊
  6. နေညိုညို၊
  7. ပင်လယ်ကူးဓာတ်ပုံ၊
  8. သူရဲကောင်းသုံးယောက်(ဘာသာပြန်)[၃]

ကျမ်းကိုး

  1. Jump up တက်ဘုန်းကြီးကိုသိန်းဖေ
  2. Jump up ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။
  3. Jump up မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဥ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်
  1. ပီမိုးနင်း၏ ပီမိုးနင်း။
  2. တကိုယ်တော် ဝတ္ထုလာ ထုတ်ဝေသူ၏ နိဒါန်း။
  3. ရှုမဝ မဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၅၅ လာ ‘ဆရာဇေယျ’ ၏ ‘ဆရာ ပီမိုးနင်း’ ဆောင်းပါး။


ဘလော့ခရီးသည်{ ဒီမှာ } သွားလိုက်ပါ



စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

ရွှေဥဒေါင်း

ရွှေဥဒေါင်း
ရွှေဥဒေါင်း

မွေးသက္ကရာဇ်၁၂၅၁ - ၁၃၃၅
အမည်ရင်းဦးဖေသိန်း
မိဘဦးဧရာ+ဒေါ်ရွှေ
မွေးရာဇာတိမန္တလေးမြို့ ဧချိုင့် (ဝါးတန်း)
နို်င်ငံFlag of Myanmar.svg မြန်မာ
အလုပ်အကိုင်စာရေးဆရာ
ထင်ရှားကျော်ကြားမှုကမ္ဘာကျော်ဝတ္တုကြီးများ ဘာသာပြန်ခြင်း၊
မြန်မာမှုပြုခြင်း၊ အတွေးအခေါ်နှင့် ဘာသာရေး စာပေများ ရေးသားမှု ကျော်ကြားခြင်း၊ စံထားလောက်ဖွယ် စာရေးဟန်သည် ရှင်းလင်းပြေပြစ်ခြင်း
ကိုးကွယ်သည့် ဘာသာဗုဒ္ဓဘာသာ
မန္တလေးမြို့ဇာတိဖြစ်ပြီး အမည်ရင်းမှာ ဦးဖေသိန်းဖြစ်သည်။ ၁၉၀၈ တွင် ကာလကတ္တားတက္ကသိုလ် အသိအမှတ်ပြု ဝင်ခွင့် စာမေးပွဲကို အောင်မြင်ခဲ့သည်။ ကျောင်းဆရာ၊ သစ်တောစာရေး၊ တောလိုက်စာရေး၊ မဂ္ဂဇင်းအယ်ဒီတာ၊ သတင်းစာအယ်ဒီတာချုပ်အဖြစ် ကျင်လည်ခဲ့သည်။ ပင်ကိုရေး၊ အမှီးနှင့် ဘာသာပြန်ဝတ္ထုတိုရှည်များ၊ ဗုဒ္ဓဝါဒ၊ တွေးခေါ်မြော်မြင်ရေး၊ အတ္ထုပ္ပတ္တိစာအုပ်များ ရေးသားခဲ့သည်။ အထူးသဖြင့် စုံထောင်မောင်စံရှား အမှီးဝတ္ထုများ၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ် စာအုပ်များမှာ ထင်ရှားသည်။ မြန်မာစာပေနယ်တွင် အမှီးဝတ္ထုပုံစံကို ထူးချွန်ပြောင်မြောက်စွာ တိုးချဲ့ဆန်းသစ်ခဲ့သည်။ ရရှိခဲ့သည့် စာပေဗိမာန်ဆုများမှာမျှော်တလင့်လင့်ဖြင့် ၁၉၅၂ ခု ဘာသာပြန်ဆု၊ သွေးစုပ်မြေဖြင့် ၁၉၅၅ခု ဘာသာပြန်ဆု၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များဖြင့် ၁၉၆၁ ခု သုတပဒေသာဆုများ ရရှိခဲ့သည်။

ငယ်ဘဝ

ဆရာကြီး ရွှေဥဒေါင်းသည် ၁၂၅၁ ခု၊ တန်ဆောင်မုန်း လဆန်း ၂ ရက် (၁၈၈၉ ခု၊ အောက်တိုဘာ ၂၄ ရက်) ကြာသပတေးနေ့တွင် ဖွားမြင်သူ ဖြစ်သည်။ မန္တလေးမြို့ ဧချိုင့် (ဝါးတန်း) ရပ်ကွက်တွင် ဖွားမြင်၍ မိဘနှစ်ပါးမှာ ဦးဧရာနှင့် ဒေါ်ရွှေတို့ဖြစ်သည်။ ဆရာကြီး၏ အမည်ရင်းမှာ ဦးဖေသိန်း ဖြစ်သည်။[၂]
ဖခင် ဦးဧရာသည် သီပေါမင်းလက်ထက်တွင် လွှတ်တော် စာရေးအဖြစ် အမှုထမ်းခဲ့ ဖူးသည်။ ကိုလိုနီခေတ်တွင် ဖိနပ်ထောင်ဆရာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုသည်။ မိခင် ဒေါ်ရွှေသည်လည်း သီပေါမင်း လက်ထက်တွင် စာတော်ဖတ်အဖြစ် အမှုထမ်းခဲ့ဖူး၍ တနင်္ကသီ ရွာစားဘွဲ့ပင် ရခဲ့ဖူးသည်။ သီပေါမင်း ပါတော်မူပြီးနောက် ဦးဧရာနှင့် ဒေါ်ရွှေတို့ ဖူးစာဆုံပြီး ဆရာကြီးကို ဖွားမြင်ခြင်း ဖြစ်သည်။

ပညာရေး

ဆရာကြီးသည် မန္တလေးမြို့ ဗုဒ္ဓဘာသာသီလရှင်ကျောင်းတွင် စတင် ပညာသင်ကြားသည်။ ထို့နောက် လူကျောင်း၊ မန္တလေးမြို့ ဒက္ခိဏဝံတိုက် ဘုန်းကြီးကျောင်း၊ အေဘီအမ်ကျောင်းတို့သို့ အဆင့်ဆင့် ပြောင်းရွှေ့ ပညာသင်သည်။ ၁၉ဝ၈ ခုတွင် ကာလကတ္တား တက္ကသိုလ် အသိအမှတ်ပြု အင်းထရင့် စာမေးပွဲကို အောင်မြင်သည်။ ထို့နောက် မန္တလေး ဗုဒ္ဓဘာသာ ကျောင်းနှင့် အေဘီအမ် ကျောင်းတို့တွင် ကျောင်းဆရာ လုပ်သည်။ ထို့နောက် ရွှေဘို အရေးပိုင်ရုံး၊ သစ်တော်ရုံး တို့၌ စာရေး လုပ်သည်။ ထို့နောက် မန္တလေးမြို့ လယ်ယာ စိုက်ပျိုးခြင်းနှင့် သမဝါယမ မင်းကြီးရုံး၌ တောလိုက် စာရေး ဝင်လုပ် ပြန်သည်။ တောလိုက် စာရေး ဘဝ အသက် ၂၁ နှစ်တွင် ပထမ အကြိမ် အိမ်ထောင် ကျသည်။ ၃ နှစ်ခန့် ပေါင်းသင်း ပြီးနောက် အိမ်ထောင်နှင့် ကွဲသည်။ ၁၉၁၄ ခုနှစ်တွင် အလုပ်မှ နုတ်ထွက် ပြီးနောက် ဒုတိယ အိမ်ထောင်နှင့် ဖူးစာ ဆုံသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဒုတိယ အိမ်ထောင်နှင့် ကွဲပြန်သည်။ ထို့နောက် ကသာ ခရိုင် မြတောင် ရွာရှိ မိတ်ဆွေ တဦးထံ အလည်အပတ် သွားရောက်ရာမှ မြတောင်သူ ဒေါ်စိုးနှင့် တွေ့ကာ တတိယ အကြိမ် အိမ်ထောင် ကျသည်။ ဆရာကြီးမှာ ဒေါ်စိုးနှင့် ကျမှ အိမ်ထောင်ရေး ဘဝ စွဲမြဲ တည်ငြိမ် သွားလေ တော့သည်။
ဆရာကြီးသည် အေဘီအမ် ကျောင်းတွင် ပညာ ဆည်းပူးနေစဉ် ၈ တန်းတွင် စာဖတ် ဝါသနာ မျိုးစေ့ကို ရခဲ့ပြီး ကမ္ဘာ့ ဂန္ထဝင်မြောက် အင်္ဂလိပ် ဝတ္ထုကြီးများကို ဖတ်ရှု နိုင်သည့် အခြေသို့ ရောက်ခဲ့သည်။ စွဲစွဲမြဲမြဲလည်း ဖတ်ရှု ခဲ့သည်။ စာဖတ်သက် ရင့်ကျက် လာသည်နှင့် အမျှ ဘဝ အတွေ့အကြုံလည်း များလာပြီ ဖြစ်သော ဆရာကြီးသည် ဝတ္ထု ရေးလိုစိတ် ထက်သန် လာသည့် အလျောက် ၁၉၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ညတွင် ‘ရန်ကြီးအောင်’ ဝတ္ထုကို စတင် ရေးသားသည်။ ရန်ကြီးအောင်မှာ ကိုယ်ပိုင်ဉာဏ်ဖြင့် ရေးသော ဝတ္ထု ဖြစ်သည်။ သို့သော် ဇာတ်လိုက် မနှင်းမြိုင်အား ကာလသား ၄ ယောက် အလောင်းအစား ပြုကာ လူပျို လှည့်သည့် အခန်းကိုမူ ရေးနိုး (Raynolds)၏ ‘လန်ဒန်မြို့ အရှုပ်တော်ပုံ’ (The Mysteries of London) ဝတ္ထုမှ ယူခြင်း ဖြစ်သည်။ ရန်ကြီးအောင် ဝတ္ထုကို သူရိယ သတင်းစာ တိုက်က ပုံနှိပ် ထုတ်ဝေရန် ရွှေးချယ်ပြီး ဉာဏ်ပူဇော်ခ ငွေတရာ ပေးသည်။ ဤသို့ဖြင့် ဆရာကြီးသည် စာရေး ဆရာ ဖြစ်လာ တော့သည်။ ထို့နောက် သူရိယ ဦးဘဘေ၏ တိုက်တွန်းချက် အရ မစ္စက် ဟင်နရီဝု (Mrs. Henry Wood) ၏ ‘အိစလင်း’ (East Lynne) ဝတ္ထုကို မှီငြိမ်း ပြုကာ ‘ရတနာပုံ’ ဝတ္ထုကို ရေးသားသည်။ ထိုဝတ္ထု နှစ်ပုဒ်ကို အကြောင်းပြု၍ ဆရာကြီးကို သူရိယ မဂ္ဂဇင်းတွင် အယ်ဒီတာ ခန့်လိုက်သည့် အတွက် စာပေ လောကထဲသို့ ဝင်ရောက် ကျင်လည် ရတော့သည်။ ဆရာကြီးကို စာပေ လောကထဲသို့ ပို့ဆောင် ပေးခဲ့သော ‘သူရိယ’ (နေ) ၏ အထိမ်းအမှတ် ဖြစ်သော ‘ဒေါင်း’ ကို အစွဲပြု၍ ‘ရွှေဥဒေါင်း’ ဟူသော ကလောင် အမည်ကို ခံယူသည်။

အလုပ်အကိုင်

ဆရာကြီးသည် သူရိယ မဂ္ဂဇင်းတွင် အယ်ဒီတာ လုပ်နေစဉ် မြန်မာ ဂျာနယ် သမိုင်းတွင် ပထမဆုံး ဂျာနယ် ဖြစ်သော ‘မြန်မာ့ဗျူဟာ ဂျာနယ်’ ကို မိတ်ဆွေ တဦးနှင့် ပေါင်း၍ ထုတ်ဝေ ခဲ့သေးသည်။
၁၉၂ဝ ပြည့်နှစ်တွင် ဆရာကြီးသည် သူရိယနှင့် မသင့်မတင့် ဖြစ်ကာ အလုပ်မှ နုတ်ပယ် ခံရသည်။ ဒေါ်စိုးနှင့် ဖူးစာ ဆုံပြီးနောက် ကန္နီရွာတွင် အင်္ဂလိပ် ကျောင်းဆရာ အလုပ်ကို ၂ နှစ်မျှ လုပ်သေးသည်။ တရား အားထုတ်ရင်း အသက် ၃၆ နှစ်တွင် ရဟန်း ဘောင်သို့ ဝင်သည်။ ရဟန်း အဖြစ် အရိုးထုတ်ရန် ကြံရွယ်သော်လည်း ငှက်ဖျား မိကာ အသည်းအသန် နာမကျန်း ဖြစ်သည့် အတွက် လူဝတ် လဲရသည်။
ဆရာကြီးသည် စာရေးခြင်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုရင်း လခစား အလုပ်ကို ကြိုးကြား ကြိုးကြား လုပ်ခဲ့သည်။ ၁၉၂၆ ခုတွင် နယူးဘားမား သတင်းစာ တိုက်တွင် စက္ကရီထေရီ အဖြစ် ခေတ္တ ဆောင်ရွက်သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ပဲခူးမြို့ ခရစ်ယာန် စာပေ အသင်း၌ ဘာသာပြန် ဆရာ အဖြစ် ၃ နှစ်မျှ ဝင်လုပ်ကာ စာအုပ်ပေါင်း ၂ဝ ကျော်ခန့် ဘာသာပြန် ပေးခဲ့သည်။ ၁၉၃၆ ခုတွင် သူရိယက ပြန်ခေါ်ပြီး ဆရာကြီးကို သူရိယ သတင်းစာတွင် အယ်ဒီတာ ခန့်သည်။

ဒုတိယ ကမ္ဘာစစ် အတွင်းတွင် ဆရာကြီးသည် ဆင်းရဲ ပင်ပန်းစွာ လှုပ်ရှား ရုန်းကန် ရသည်။ စစ်ပြီး ခေတ်တွင် ဆရာကြီး၏ ဘဝသည် အထူး ပြောင်းလဲ ခဲ့သည်။ ဆရာကြီးသည် ဗုဒ္ဓ၏ စိတ္တာ ဝိပဿနာကို ကျနစွာ ကျင့်သုံးသည်။ လက်ဝဲ စာပေ အမြောက်အမြား ကိုလည်း ဖတ်ရှုသည်။ မန္ဈလေးရှိ လူထု သတင်းစာ တိုက်တွင် အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်စဉ် ၅ လ နီးပါးခန့် ဖဆပလ အစိုးရ၏ အကျဉ်းချခြင်းကို ခံရသည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း တော်လှန်ရေး အစိုးရ လက်ထက်တွင် ဆရာကြီးသည် ‘လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ’ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက် ပြီးနောက် ၁၉၆၈ ခုတွင် အငြိမ်းစား ယူသည်။
ဆရာကြီးသည် အနောက်တိုင်း ဝတ္ထုများကို ဆီလျော်အောင် မှီငြိမ်း ပြုခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက် ဘာသာ ပြန်ခြင်းဖြင့် လည်းကောင်း မြန်မာ စာပေ နယ်ပယ် ထဲသို့ ပို့ဆောင် ပေးသူ ဖြစ်သည်။ ရိုက်ဒါဟက်ဂတ် (Rider Haggard) ၏ ရှီ (She) ကို မှီငြမ်း ပြုသော ရူပနန္ဒီ ဝတ္ထု၊ ကိုနင်ဒွိုင်း (Conan Doyle) ၏ ရှားလော့ဟုမ်း (Sherlock Holmes) ကို မှီငြမ်း ပြုသော စုံထောက် မောင်စံရှား ဝတ္ထု တို့သည် အထူး ထင်ရှားပြီး မှီငြမ်း ပြုပုံ မြန်မာ ဆန်သည့် အတွက် အများ နှစ်သက် ကြသည်။ အချို့ ဆိုလျှင် မှီငြမ်း ပြုမှန်းပင် မသိကြပေ။ ‘ဝင်္ကန္ဈ၊ ရတနာပူရ၊ ခင်စက်မေ၊ ပြည်ပေါက္ဗံ၊ ဂျမဒါ ကိုကိုကြီး၊ ရူပကလျာဏီ၊ ပထမံ ဆရာသိန်း၊ ဇော်ဟိတ်’ စသည်တို့မှာ ဆရာကြီး၏ ထင်ရှားသော မှီငြမ်းပြု ဝတ္ထုများ ဖြစ်သည်။ ‘ရတနာသိုက်၊ ဗတ်စကာဗျီ ခွေးကြီး၊ သူရဲကောင်း သုံးယောက်၊ အန္နာကရီနီနာ၊ မျှော်တလင့်လင့်၊ ကိုယ်ရံတော်၊ စိတ်ထားဝတိန်၊ သွေးစုပ်မြေ’ စသည်တို့မှာ ဆရာကြီး၏ ထင်ရှားသော တိုက်ရိုက် ဘာသာပြန် ဝတ္ထုများ ဖြစ်သည်။ ‘မြတ်သက်မော်’ နှင့် ‘ဆုကြီးပန်’ တို့မှာမူ ဆရာကြီး၏ ပင်ကိုရေး ဝတ္ထုများ ဖြစ်သည်။ ဆရာကြီးသည် ဝတ္ထုရှည် ၅ဝ ကျော်၊ ဝတ္ထုတို ၃ဝဝ ကျော်ကို မှီငြမ်း ပြု၍ လည်းကောင်း။ တိုက်ရိုက် မြန်မာ ပြန်၍ လည်းကောင်း ရေးသားခဲ့ကြောင်း သိရပါသည်။ ‘အာဟာရဖြင့် ကျန်းမာနည်း’၊ ‘အကြံဉာဏ်ဖြင့် ကြီးပွားရေး’ တို့ကိုလည်း မြန်မာ ပြန်ခဲ့သည်။ ‘ကိုယ်တွေ့ တရုတ်ပြည်သစ်’ အမည်ဖြင့် ခရီးသွား မှတ်တမ်း၊ ‘တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ’ အမည်ဖြင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တို့ကို ရေးသား ခဲ့သည်။ သတင်းစာ ခေါင်းကြီးများ၊ ဆွေးနွေးခန်း ဆောင်းပါးများ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ အပါအဝင် လောကုတ္တရာ ဆောင်းပါးများ၊ စာပေ လူမှုရေး နိုင်ငံရေး ဆိုင်ရာ အထွေထွေ ဆောင်းပါးများ ကိုလည်း ရေးသား ခဲ့သည်။
ဆရာကြီးသည် ချားဒစ်ကင်း (Charles Dicken) ၏ ဂရိတ်အိတ်စပက်တေးရှင်း (Great Expectation) ကို မြန်မာပြန်သော မျှော်တလင့်လင့် ဝတ္ထုဖြင့် ၁၉၅၂ ခုနှစ်တွင် စာပေဗိမာန် ဘာသာပြန် ဆုကို လည်းကောင်း၊ အပ္ပတန် ဆင်ကလဲယား (Upton Sinclair) ၏ သဂျန်းဂဲလ် (The Jungle) ဝတ္ထုကို မြန်မာပြန်သော သွေးစုပ်မြေ ဝတ္ထုဖြင့် ၁၉၅၅ ခုနှစ်တွင် စာပေဗိမာန် ဘာသာပြန် ဆုကို လည်းကောင်း၊ တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ဖြင့် ၁၉၆၁ ခုနှစ်တွင် စာပေဗိမာန် သုတပဒေသာ ဆုကို လည်းကောင်း ရရှိခဲ့သည်။ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ကိုယ်စားလှယ် အဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ ဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတ နိုင်ငံ တို့သို့ သွားရောက် ခဲ့ဖူးသည်။ (`လုပ်သားသတင်းစာ အယ်ဒီတာကို ဗန်းမော်တင်အောင်နှင့် ဗိုလ်သင်ဆရာ တားသည့်ကြားလုပ်ခဲ့`ဗိုလ်သ္ခင်ဆရာ31st Jan2009။ `ဆရာကြီးကဒါမျိုးလုပ်ချင်တာတဲ့´ဆရာသော်တာဆွေ)

ဆရာကြီးသည် ၁၃၃၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် (၁၉၇၃ ခု၊ ဩဂုတ်လ ၁ဝ ရက်) သောကြာနေ့တွင် ကွယ်လွန် အနိစ္စ ရောက်သည်။ ။ 

ရွှေဥဒေါင်း ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ စာရင်း

စဉ်အမည်ထုတ်ဝေနှစ်မှတ်ချက်
ပထမံဆရာသိန်း၁၉၄၉
ကိုယ်ရံတော်၁၉၅ဝ(ဘာသာပြန်)
အိုင်ဗိုရီချိုင်း၁၉၅၂
ရွှေဥဒေါင်း၁၉၅၃
ရတနာပုံဝတ္ထု၁၉၅၃
သွေးစုပ်မြေ၁၉၅၅
စန္ဒာဒေဝီ၁၉၆ဝ
ဒိဋ္ဌေဒိဋ္ဌမတ္တံလက်တွေ့ကျင့်စဉ်၁၉၆ဝ
စွန့်ဝံ့သူ့၁၉၆၁
၁၀ရူပနန္ဒီ၁၉၆၁
၁၁ရန်ကြီးအောင်၁၉၆၁
၁၂တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၁၉၆၁
၁၃စုံထောက်မောင်စံရှား၁၉၆၁
၁၄ဂမုန်းနက်၁၉၆၁(ဘာသာပြန်)
၁၅စစ်ရှုံးသူ၁၉၆၁
၁၆ရူပကလျာဏီ၁၉၆၁
၁၇ဂျမဒါကိုကိုကြီး၁၉၆၂
၁၈ဆွေးနွေးခန်း၁၉၆၂
၁၉ဒဂုန်တင့်၁၉၆၂
၂၀မြန်မာ့စွမ်းရည်၁၉၆၂
၂၁ဒေါက်တာသောင်းထိုက်၁၉၆၂
၂၂အကြံဉာဏ်ဖြင့် ကြီးပွားရေး၁၉၆၂
၂၃ဘာစကာဗျိစ်ခွေးကြီး၁၉၆၂(ဘာသာပြန်)
၂၄စာပဒေသာ
၂၅ကိုယ်တွေ့ တရုတ်ပြည်သစ်
၂၆ကိုယ်တွေ့ အာဟာရနှင့် ကျန်းမာရေး၁၉၆၃
၂၇ဂဠုန်နက်ဂိုဏ်း၁၉၆၃
၂၈သိန်းထိုက်၁၉၆၄
၂၉ဝသုံးလုံး၁၉၆၄
၃၀ဝင်္ကန္တ၁၉၆၄
၃၁ရတနာသိုက်၁၉၆၄(ဘာသာပြန်)
၃၂လူစွန့်စား၁၉၆၅
၃၃သူတော်စိန်၁၉၆၅
၃၄ဆုကြီးပန်နှင့် အခြားဝတ္ထုတိုများ၁၉၆၅
၃၅စော်လမွန်သိုက်၁၉၆၅
၃၆ကလယန္တရား၁၉၆၅
၃၇ချစ်ပန်းပွင့်၁၉၆၅
၃၈စေတလုံးပိုင်ရှင်နှင့် အခြားဝတ္ထုများ၁၉၆၅
၃၉ဇော်ဟိတ်၁၉၆၅
၄၀ဘာသာရေး ခံယူချက်၁၉၆၅
၄၁ထိပ်ထိပ်ကြဲ လျှို့ဝှက်သည်းဖို ဝတ္ထုများ၁၉၆၆
၄၂ဒေါင်ဒေါင်မြည် လျှို့ဝှက်သည်းဖို ဝတ္ထုတိုများ၁၉၆၆
၄၃ဇတ်ဇတ်ကြဲဂိုဏ်း၁၉၆၆
၄၄ဟစ်တလာ လုပ်ခဲ့သမျှ၁၉၆၈(ဘာသာပြန်)
၄၅မျှော်တလင့်တလင့်၁၉၆၉(ဘာသာပြန်)
၄၆စာရေးနည်း လမ်းညွှန်၁၉ရဝ
၄၇လွမ်းအောင်ဖန်၁၉ရဝ
၄၈စိတ်ထားတော်နှင့် မြန်မာ့စွမ်းရည်၁၉၇၅
၄၉စုံထောက် ဦးစံရှား ပေါင်းချုပ်၁၉၇၇
၅၀စိတ်ထားတော်(ဘာသာပြန်)
၅၁ဗုဒ္ဓဝါဒနှင့် အယူအဆရေးရာများ
၅၂မြသက်မော်၁၉၅၁
၅၃ရှိတ်စပီးယား ပြဇာတ် ဝတ္ထုများ(ဘာသာပြန်)
၅၄လောကုတ္တရားရာ ဆွေးနွေးခန်းများ၁၉၆၉
၅၅လက်တွေ့လျှိုစစ်၁၉၆၅
၅၆လက်ထက်တော်ကြီး
၅၇လင်ကွန်း
၅၈လျှမ်းလျှမ်းတောက် လျှို့ဝှက်သည်းဖို ဝတ္ထုများ
၅၉သူရဲကောင်း သုံးယောက်(ဘာသာပြန်)
၆၀အတွေးအခေါ် ဟင်းလေးအိုးကြီး

ရွှေဥဒေါင်းစာမူကိစ္စ

ဆရာကြီး၏ ဇနီးဖြစ်သူ ဒေါ်စိုး မသေခင် ရွှေဥဒေါင်းစာမူကိစ္စနှင့် ပတ်သက်၍ သေတမ်းစာရေးခဲ့သည်။
သေတမ်းစာအရ စာမူများအတွက် ရသောငွေများကို-
  1. ဒါရိုက်တာဦးသုခ
  2. လူထုဦးလှ
  3. စာရေးဆရာ သော်တာဆွေ
  4. ဟံသာဝတီ ဦးဝင်းတင် တို့လေးဦး တိုင်ပင်ပြီး သင့်တော်သည့် လူငယ်စာရေးဆရာများအား သင့်တော်သလို စဉ်းစားပြီး သင့်တော်သည့် စာပေဆုများပေးဖို့ ကျွန်မက တာဝန်လွှဲအပ်ခဲ့ပါသည်။
  • (ဒေါ်ကြီးစိုး၊ ကမ်းနီရွာ၊ ထီးချိုင့်မြို့နယ်၊ ကသာခရိုင်) 

ဓာတ်ပုံများ

ကျမ်းကိုး

  1. Jump up ၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀ စာရေးဆရာ ၁၀၀၊ သီဟရတနာအုပ် ၁ဝဝပြည့် အထူးထုတ်
  2. Jump up ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' က ရွှေဥဒေါင်း (၁၂၅၁ - ၁၃၃၅) အကြောင်း - မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ)
  3. Jump up တိုက်စိုးနှင့် မင်းယုဝေ။ စာဆိုနှင့် သုတေသီ။ စာ ၁၇၇ - ၂ဝ၂
  4. Jump up မလိခ။ မြန်မာဝတ္ထု အညွှန်း ၂။ စာ ၁၃ - ၁၇။
  5. Jump up ဒဂုန် ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၄၁ - ၄၂။
  6. Jump up ရွှေဥဒေါင်း။ တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ။
  7. Jump up လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာ။ ၆ - ၈ - ၇၃။ ။
  8. Jump up သော်တာဆွေ၏ ကျွန်တော့်ဘဝဇာတ်ကြောင်း(၄)မှ



ဘလော့ခရီးသည်{ ဒီမှာ } သွားလိုက်ပါ



စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

ဂျိမ်းစ်လှကျော်

ဂျိမ်းစ်လှကျော်


ဂျိမ်း​စ်လှ​ကျော်(မြန်မာ၁၂၂၈-၁၂၈၁)

မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၉၆ ခုနှစ်တွင် မြန်မာ နိုင်ငံတော် တခုလုံးကို အင်္ဂလိပ်တို့ တိုက်ခိုက် သိမ်းပိုက် လိုက်ပြီး သည့်နောက် ရေးသား ပေါ်ပေါက် ခဲ့ကြသည့် နှောင်းခေတ် မြန်မာ ဝတ္ထုများ အနက် အင်္ဂလိပ် သက္ကရာဇ် ၁၉ဝ၁ ခုနှစ်တွင် ဗြိတိသျှ ဘားမား ပုံနှိပ်တိုက်မှရိုက်နှိပ် ထုတ်ဝေသော ဂျိမ်းစ်လှကျော်၏ 'မောင်ရင်မောင် - မမယ်မ' ဝတ္ထုမှာ ရှေးအကျဆုံးသော မြန်မာဝတ္ထု ဟူ၍ပင် ဆိုရပေမည်။
စင်စစ် ဤဝတ္ထုမှာ ပင်ကိုဉာဏ်ဖြင့် ရေးသား ထုတ်ဝေသော ဝတ္ထု မဟုတ်။ ပြင်သစ် စာရေး ဆရာကြီး အလဇ္ဇန္နား ဒူးမား (Alexander Dumas) ၏ 'မွန်တီကရစ္စတို မြို့စားကြီး' ဝတ္ထု (The Count of Monte Cristo) ကို မှီး၍ ရေးသား ထားခြင်း မျှသာ ဖြစ်ပေသည်။
မည်သို့ပင် ဖြစ်စေ ရှေးအခါက ဤဝတ္ထုမျိုး တခါမျှ မပေါ်ပေါက် ဖူးသေး သောကြောင့် အထူး နှစ်ခြိုက် သဘောကျ ပေသော 'မောင်ရင်မောင် မမယ်မ' ဝတ္ထု ရေးဆရာ ဂျိမ်းစ် လှကျော်၏ အတ္ထုပ္ပတ္တိနှင့် ပတ်သက်၍ သော်ကား၊

အတ္ထုပ္ပတ္တိ

ဂျိမ်းစ် လှကျော်ကို တောင်ငူ ခရိုင် ရွှေကျင်မြို့ မင်းလမ်းတွင် (အင်္ဂလိပ်သက္ကရာဇ် ၁၂၂၈ - ၁၂၈၁) သက္ကရာဇ် ၁၂၂၈ ခုနှစ် ပထမ ဝါဆိုလဆန်း ၁ဝ ရက် ဗုဒ္ဓဟူးနေ့က ဖွားမြင် ခဲ့ပါ၏။ အဖမှာ ဦးစွပ်၊ အမိမှာ ဒေါ်ဆိုင်းတို့ ဖြစ်ကြသည်။

သို့ရာတွင် အမိ၊ အဖတို့မှာ မောင်လှကျော် ငယ်ရွယ်စဉ် ကပင် ကွယ်လွန် သွားကြ သဖြင့် အဒေါ် ဖြစ်သူ ဒေါ်မျှင်နှင့် ခင်ပွန်းသည် စစ်ကဲ ဦးညိုတို့က ကျွေးမွေးသုတ်သင် လာခဲ့ကြရသည်။ ထို ဦးညို - ဒေါ်မျှင် တို့မှာ ပထမသော် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြငြားလည်း တစတစဖြင့် ခရစ်ယာန် ဘာသာကို သက်ဝင် ယုံကြည်လာကြကာ နောက်ဆုံးတွင် ဗုဒ္ဓဘာသာကို လုံးဝ စွန့်ပစ်ထားကြသူများ ဖြစ်ရကား၊ မွေးစားသား မောင်လှကျော် အားလည်း ခရစ်ယာန် ဘာသာ ထုံးစံအတိုင်း နှစ်ခြင်း မင်္ဂလာဖြင့် 'ဂျိမ်းစ် လှကျော်' ဟု ခေါ်ဝေါ် တွင်မှတ် ကြစေသည်။

သို့နှင့် ဂျိမ်းစ် လှကျော်သည် ပထမ ဦးစွာ ရွှေကျင် မြို့ပေါ်ရှိ အင်္ဂလိပ် - မြန်မာ အစိုးရ ကျောင်းတွင် ၇ တန်း အောင်မြင်သည် အထိ သင်ကြား ပြီးနောက် ရန်ကုန် မြို့သို့ ပြောင်းရွှေ့ကာ ဆရာမှတ် ကျောင်းတွင် ပညာ ဆက်လက် ဆည်းပူးသည်။ ထိုမှတဆင့် ရန်ကုန် ဟိုက်စကူး ကျောင်းသို့ ပြောင်းရွှေ့ လိုက်ပြန်ကာ ထိုကျောင်း မှပင် ထိုစဉ်က ခေါ်သော 'ဘင်္ဂလား စာမေးပွဲ' ခေါ် 'အိုင်-အေ' စာမေးပွဲကို အောင်မြင် သွားလေသည်။

ဂျိမ်းစ် လှကျော်သည် ဟိုက်စကူး ကျောင်းမှ အသက် ၂ဝ ခန့်တွင် ထိုသို့ အောင်မြင် သွားချိန် သည်ကား အထက် မြန်မာနိုင်ငံတော် ကိုပါ အင်္ဂလိပ်များ သိမ်းပိုက် လိုက်သော အချိန်ပင် ဖြစ်ပေသည်။ ထိုအခါ အခွင့်လည်း ကြုံသည်နှင့် ဂျိမ်းစ် လှကျော်သည် အင်္ဂလိပ် စစ်မင်းကြီး၏ စကားပြန် အဖြစ်ဖြင့် အထက် မြန်မာ နိုင်ငံတော်သို့ လိုက်ပါ သွားခဲ့သည်။ မန္တလေး မြို့တော်သို့ ရောက်လျှင် ထိုစကားပြန် အလုပ်၌ပင် အမှုထမ်း နေစဉ် အတွင်း နန်းတော်သုံး ကျောက်ကုန်သည် ဦးထယ်၏ သမီး မန္တလေး မြို့ရိုးတွင်းနေ ခင်လေးငယ် ခေါ် ခင်ခင်ငယ် ဆိုသူနှင့် ရေစက်ဆုံကာ သမီး တင်တင် ကို ရရှိ ခဲ့လေသည်။

ထို့နောက် မန္တလေး မြို့မှ ရန်ကုန် မြို့သို့ ပြန်လည် ပြောင်းရွှေ့ လာခဲ့ပြီး စာတော်ပြန် ဌာနတွင် ၃ နှစ်ခန့်မျှ စာတော်ပြန် အဖြစ် ထမ်းရွက် နေလေသည်။ ထိုအတော အတွင်း ဂျိမ်းစ် လှကျော်သည် အအား မေနေပေ။ လက်လှမ်းမီရာ စာပေ ဗဟုသုတ များကို ဆည်းပူးလျက် ဒုတိယတန်း ရှေ့နေ စာမေးပွဲနှင့် မြို့အုပ် စာမေးပွဲ များကို ဝင်ရောက် ဖြေဆို အောင်မြင်သည်။ ထို့နောက်မှ ဘုရင်ခံ အိမ်တော်တွင် စာတော်ပြန် မြို့အုပ် အဖြစ် ငါးနှစ်ခန့် လုပ်ကိုင် ပြန်သေး၏။ ပြီးမှ ဟံသာဝတီ ငွေတိုက် ဝန်ထောက် အဖြစ် ခန့်အပ်ခြင်း ခံရ၍ ရန်ကုန်မြို့ တွင်ပင် ၃ နှစ်ခန့် ဆက်လက် နေထိုင်သည်။

ထိုမှ တဖန် စစ်ကိုင်း၊ ချောင်းဦး၊ ဘုတလင် မြို့များတွင် ငွေတိုက် ဝန်ထောက် ဘဝ၊ မြို့အုပ် ဘဝ အဖြစ် အမှု ထမ်းပြီး သည့်နောက် နောက်ဆုံးတွင် မြင်းမူမြို့၌ နယ်ပိုင် ဝန်ထောက် အဖြစ် ထမ်းရွက်ရင်း မကျန်းမမာ သဖြင့် ခွင့်ယူကာ ရန်ကုန်မြို့သို့ ပြန်ခဲ့သည်။ ရန်ကုန်မြို့ တွင်လည်း ရောဂါ၏ အခြေအနေမှာ သက်သာသည် မရှိသဖြင့် ဂျိမ်းစ် လှကျော်သည် ၃၇ နှစ် အရွယ်တွင် အလုပ်မှ နုတ်ထွက် လိုက်လေသည်။

သို့ရာတွင် အ အား အလကား ကား မနေပေ။ ရန်ကုန်မြို့ စဉ့်အိုးတန်း အထက်တန်းတွင် နေထိုင်ကာ ရှေ့နေ လိုက်ရင်း ဥပဒေ ကျောင်းနှင့် မြို့အုပ်၊ နယ်ပိုင် သင်တန်း ကျောင်းများကို ဖွင့်လှစ် သင်ကြား နေလေသည်။ တဖက် မှလည်း အားလပ်ချိန် ရတိုင်း ဥပဒေ စာအုပ်များ၊ ဝတ္ထု စာအုပ်များကို ရေးသား ထုတ်ဝေ ခဲ့ပါ၏။ 'မောင်ရင်မောင် မမယ်မ' ဝတ္ထုမှာ ထိုအချိန် အခါက ပေါ်ပေါက် လာခဲ့ရသော ဝတ္ထုပင် ဖြစ်ပေသည်။ ထို့အပြင် ထိုစဉ်က ရန်ကုန်မြို့တွင် ထုတ်ဝေလျက် ရှိသော 'သည်ဘားမား ကရဂစ်တစ်' (The Burma Critic) သတင်းစာ တွင်လည်း ဝတ္ထု တစ်ပုဒ်ကို အပတ်စဉ် ရေးသား ပေးပို့သေး၏။ မည်သည့် ဝတ္ထု ဟူ၍မူ အမှတ်အသား မရှိ ဖြစ်ခဲ့သည်။

ဂျိမ်းစ် လှကျော်သည် ဟံသာဝတီ သတင်းစာ ဆရာ၊ မြန်မာ အဆွေ သတင်းစာ ဆရာ အဖြစ်လည်း လုပ်ကိုင် ဖူးသေး၏။ ဤသို့လျှင် မနား မနေပင် စာရေး၊ စာဖတ်၊ စာသင် ပြုလုပ် နေရင်းက သွက်ချာပါဒ ရောဂါ စွဲကပ် လာကာ လက်ဝဲလက် တခုလုံး သွေး လေ မလျှောက်ဘဲ သေသွားရသည့် အဖြစ် သို့ပင် ဆိုက်ခဲ့ ရပေသည်။ သို့နှင့် ဆရာဝန်၏ ညွှန်ကြားချက် အရ ပူရာ ဒေသ ဖြစ်သည့် မိတ္ထီလာ မြို့သို့ ပြောင်းရွှေ့ နေထိုင်ရ ပြန်သည်။

မိတ္ထီလာ မြို့တွင်လည်း အအား မနေသေး။ ဥပဒေကျောင်း ဖွင့်ပြန်ကာ ဥပေဒ ပညာရပ် များကို သင်ကြား ပို့ချ ပေသေး၏။ ထိုကမှ တဖန် ၁၉၁၂ ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့တွင် ရွှေဘိုမြို့သို့ ပြောင်းရွှေ့ကာ ရောဂါ ဝေဒနာလည်း သက်သာ လာသည့် အလျောက် ထိုမြို့တွင် အခြေစိုက် တော့သည်။

ဂျိမ်းစ် လှကျော် အတွက်ကား ရွှေဘိုမြေကို နင်းမိသည်နှင့် တပြိုင်နက် အကယ်ပင် အောင်မြကို နင်းမိခြင်းပင် ဖြစ်တော့၏။ အဘယ့်ကြောင့် ဟူမူ များမကြာမီ အတွင်း မွေးစား အမိ၊ အဖ တို့ကို နွယ်၍ ခရစ်ယာန် ဘာသာဝင် ဖြစ်လာရ ရှာသော မစ္စတာ ဂျိမ်းစ် လှကျောက်သည် မည်သူ၏ တိုက်တွန်းချက်မှ မပါဘဲ မိမိ၏ အလိုအလျောက်ပင် ဗုဒ္ဓ ဘာသာသို့ ကူးပြောင်း သွားခဲ့သည်။ ကူးပြောင်း ရုံမျှမက သက္ကရာဇ် ၁၂၈ဝ ပြည့်နှစ် (အင်္ဂလိပ် သက္ကရာဇ် ၁၉၁၉ ခုနှစ်) တွင် အလောင်းမင်း တရားကြီး၏ ကုသိုလ်တော် တစ်ရပ် ဖြစ်သော မြတ်သိန်းတန် စေတီတော်ကို ပြန်လည် ပြုပြင် မွမ်းမံလျက် ၁၂၈၁ ခုနှစ်တွင် ထီးတော်ပင် တင်သေးသည်။

သို့ရာတွင် ဝမ်းနည်းဖွယ် ကောင်းသည်ကား မြတ်သိန်းတန် ဘုရားကို ထီးတော် တင်သည့်နှစ် သက္ကရာဇ် ၁၂၈၁ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၁ ရက်နေ့တွင် ဂျိမ်းစ် လှကျော် ခေါ် ဦးလှကျော်မှာ အဖျား ရောဂါဖြင့် အနိစ္စ ရောက်ရ ရှာလေသည်။ကြွင်းကျန် ရစ်ခဲ့သော သမီး၊ သား၊ မြေး တစု တို့က ဆရာကြီး၏ 'အရိုးအိုးဂူ' ကို ဆရာကြီး၏ ကောင်းမှု ဖြစ်သော မြတ်သိန်းတန် ဘုရားတံတိုင်း အတွင်းမှာပင် တည်ထား ကိုးကွယ်ကြ ကုန်သည်။

ဂျိမ်းစ် လှကျော်သည် အထက် ဖော်ပြရာပါ ဝတ္ထုများ အပြင် မြို့အုပ် အလုပ်ကို လုပ်စဉ်က ကိုယ်တွေ့ အဖြစ်အပျက်များ ပါဝင်သော 'ကိုမြို့အုပ်' ဝတ္ထု၊ 'မောက်လင်' ဝတ္ထုနှင့် အခြား ဝတ္ထုများ ကိုလည်း ရေးသား ခဲ့ပါသေး၏။ စက်တင် ပုံနှိပ် ထုတ်ဝေခြင်း မရှိခဲ့ချေ။ ထိုဝတ္ထုများမှ တပါးလည်း ဥပဒေနှင့် သက်ဆိုင်သည့် ဥပဒေ မေးခွန်းပုစ္စာ အဖြေကျမ်းနှင့် ဓမ္မသတ် မေးခွန်း ပုစ္စာ အဖြေ များကို လည်းကောင်း၊ ရှေ့နေ ဥပဒေ မေးခွန်း ပုစ္စာ ၈ နှစ် အတွက်နှင့် ရှေ့နေ စာမေးပွဲ အောင်မြင်ရန် လမ်းညွှန် စာတမ်း ၂ စောင် တွဲကို လည်းကောင်း ရေးသား ခဲ့ပေ သေးသတည်း။

ရည်ညွှန်းကိုးကား

  • စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မောင်သုတ (ခ) ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစု၊ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်၊ ရာပြည့် စာအုပ်တိုက်၊ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂။
  • ရှုမဝ မဂ္ဂဇင်း၊ အတွဲ ၁၂၊ အမှတ် ၁၁၃ လာ ဒဂုန် ရွှေပြည်စိုး၏ 'ဂျိမ်းစ် လှကျော်' အတ္ထုပ္ပတ္တိ။
  • မန္ဈလေးမြို့ ကြီးပွားရေး စာပုံနှိပ်တိုက်ထုတ် 'မောင်ရင်မောင် မမယ်မ' ဝတ္ထုလာ ဂျိမ်းစ် လှကျော်၏ မြေး 'ခင်ထားဦး' ရေး 'စာရေးဆရာကြီး ဂျိမ်းစ် လှကျော်' အတ္ထုပ္ပတ္တိ။

မင္းသိခၤ

မင်းသိင်္ခသည် မြန်မာအမျိုးသားစာရေးဆရာတစ်ဦး ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြံဆမှုရှိသော ဝတ္ထုတိုရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသားကောင်းသူတစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင်ပြောင်းလဲခြင်းမှ စပြီး အတတ်ပညာများ၊ လက်တွေ့ရုပ်ဝတ္ထုများ နှင့် အောင်မြင်ပျော်ရွှင်မှုများ ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာသဘောတရားများကို ပုဏ္ဏားဘကွန်း၊ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်နှင့် ပြည်ကြီးမဏ္ဍိုင်မြကြီးစသော ဝတ္ထုများတွင် ထည့်သွင်းဖော်ပြခဲ့သည်။ 

အစ

မင်းသိင်္ခ ၏အမည်ရင်းမှာ ဦးအောင်ထွန်းဖြစ်ပါသည်။ ဦးအောင်ထွန်းကို ၁၉၃၉ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက် ဘိုးလိန်းလမ်းနေ ပန်းချီဆရာကြီး ဦးစံရှိန်နှင့် ဇနီး ဒေါ်တင်တို့မှ မွေးဖွားပါသည်။ မွေးချင်း ၆ ယောက်အနက် အကြီးဆုံးသားကြီး ဩရသဖြစ်သည်။

ပညာသင်

ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းတွင် စတင် ပညာသင်ကြားခဲ့ပါပြီး အေဗီကောလိပ်ကျောင်း၌ ၁၀ တန်းအထိ ပညာသင်ကြားခဲ့ပါသည်။

စာပေရေးသားခြင်း

ကျောင်းသားဘဝကပင် စာပေများကို စတင်ရေးသားခဲ့ပါသည်။ ၁၉၆၉ တွင် မင်းသိင်္ခဟူသော အမည်ကိုခံယူပြီးနောက် ဆားပုလင်းနှင်းမောင်ဟူသော ဇာတ်ကောင်ကို ဇာတ်လိုက်ထား၍ စုံထောက်ဝတ္ထုများ ရေးသားခဲ့ရာ မင်းသိင်္ခဟူသော အမည်ကို ပရိသတ် တဖြည်းဖြည်း သိလာခဲ့သည်။

အလုပ်အကိုင်

၁၉၅၈ ခုနှစ်၌ တပ်မတော်သို့ဝင်ရောက် အမူ့ထမ်းခဲ့သည်။ ၅ နှစ်ကြာ အမှုထမ်းခဲ့ပြီးနောက် တပ်မတော်မှထွက်ပြီး ချောက်မြို့တွင် နေထိုင်ခဲ့ပါသည်။ ချောက်မြို့တွင် ဆီစက် ညစောင့်ဘဝ၊ စပါးအင်စပက်တော်ဘဝ၊ ဆန်စက်မန်နေဂျာ ဘဝတို့ဖြင့် ကျင်လည်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မြန်မာစာပေလောကတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သည့် မနုစာရီ လုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့သည်။ အကြိမ်ကြိမ်ထုတ်ဝေခဲ့ရပြီး ဂျပန်ဘာသာ သို့လည်း ပြန်ဆိုခြင်းခံရသည်။ ဆရာကြီးရေးသော အခြားဝတ္ထုဇာတ်လိုက်များမှာ ပုဏ္ဏားဘကွန်း၊ စနေမောင်မောင် တို့ဖြစ်သည်။ ၁၉၇၈ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းဝတ္ထုပေါင်း ၇၀ ရေးသားခဲ့သည်။

ဗေဒင်ဟောခြင်း

၁၉၆၉ ခုနှင်စ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဗေဒင်ဆရာဘဝကို စတင်ခဲ့သည်။ ထိုအချိန်မှစ၍ မင်းသိင်္ခဟူသော အမည်ကို ခံယူခဲ့သည်။ ၁၉၇၈ တွင် ရန်ကုန်မြို့၌လည်း ဗေဒင်များစတင် ဟောခဲ့သည်။ ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက် ညသန်းခေါင်အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏနေအိမ်မှ မဟာဂန္ဓာရီခရီးအဓိဌာန် ၃ နှစ်ခရီး ထွက်ခွာခဲ့သည်။ ခရီးမှအပြန်တွင် မှော်ဘီမြို့အစွန်ရှိ အယူတောမင်္ဂလာခြံဝင်းကျယ်ကြီးတွင် တပည့်ပေါင်းများစွာနှင့် အတူနေထိုင်ခဲ့သည်။

ဦးစီး ထုတ်ဝေ

ဦးစီးထုတ်ဝေသော ဂျာနယ် မဂ္ဂဇင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • မနောမယဂန္ဘီရဂျာနယ်၊
  • မနောကြာဖြူမဂ္ဂဇင်း၊
  • မဟာမြိုင် မဂ္ဂဇင်း၊
  • မနုစာရီ မဂ္ဂဇင်း၊
  • မြရီသီတာ မဂ္ဂဇင်း နှင့်
  • ရောင်ပြန် မဂ္ဂဇင်း

စာရေးဆရာဘဝ

၁၉၇၅ ခုနှစ်တွင် မင်းသိင်္ခ ကလောင် အမည်ဖြင့် ဆားပုလင်းနှင်းမောင် စုံထောက်ဝတ္ထုများကို ရေးသားခဲ့သည်။ မနုစာရီ လုံးချင်းဝတ္ထုကို ပထမအကြိမ် ထုတ်ဝေရာတွင် အောင်မြင်မှုမရရှိပေ။ ဒုတိယအကြိမ်ထုတ်ဝေသောအခါမှ အောင် မြင်မှုရရှိခဲ့သည်။ ပုဏ္ဏားဘကွန်း နှင့်စနေမောင်မောင် ဝတ္ထုများလည်းထွက်ရှိကာ လူကြိုက်များခဲ့သည်။
ဆရာကြီးမသေဆုံးမီ နောက်ဆုံးထွက်ခဲ့သည့်စာအုပ်များမှာ မကွယ်လွန်မီတစ်လခန့်က လာဘ်မိုးဆွေစာအုပ်တိုက်မှ မြရာရွှေပြည်မင်းသမီး လုံးချင်းဝထ္တု၊ မရမ်းတလင်းစာအုပ်တိုက်မှ ယတြာချေနည်းစာအုပ်၊ ပြုံးပန်းတရာစာအုပ်တိုက်မှ ထီးထိုးနည်း စာအုပ်များ ဖြန့်ဝေခဲ့ပြီး ဆက်လက်ထုတ်ဝေရန် စာပေစီစစ်ရေးမှ ခွင့်ပြုသည့်စာအုပ်များ ကျန်ခဲ့သေးသည်။
၁၉၇၆ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းစာအုပ် စုစုပေါင်း အုပ်ရေ ရ၀ ကျော်ရေးသား ထုတ်ဝေခဲ့သည်။

မင်းသိင်္ခနှင့် နိုင်ငံရေး

မင်းသိင်္ခသည် ၁၉၆၅ မှ ၁၉၇၀ အထိ အင်းစိန်ထောင်တွင် အကျဉ်းကျခံခဲ့ရသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဆရာမင်းသိင်္ခက အိုင်ဒီယာမဂ္ဂဇင်း (၂၀၀၄ ဇန်နဝါရီလထုတ်)တွင် အောက်ပါအတိုင်း ပြောပြထားသည်။ “ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်လေ၊ အစိုးရနဲ့ သောင်းကျန်းသူနဲ့ လုပ်တဲ့အခါမှာ ကိုယ်က ကြားထဲက တရားဟောတယ်။ အဲဒီတုန်းက ပြည်သူ့ကော်မတီဆိုတာ ပေါ်ပြီလေ။ ငြိမ်းချမ်းရေးကို ဖြစ်အောင်လုပ်ပါ။ လူကြီးတွေ အညွှန်းတွေအတိုင်း တရားလိုက်ဟောတယ်။ ငြိမ်းချမ်းရေးလည်း ပြီးရော သောင်းကျန်းသူက တောထဲပြန်တယ်၊ ကိုယ်တို့က ပြန်စရာ မရှိဘူး။ ဆွဲကုတ်လိုက်တာပေါ့။”
မင်းသိင်္ခ၏ နောက်ဆုံးနှစ်များတွင် ဗေဒင်မေးသည့်ပရိသတ်များနှင့် ကင်းဝေးစေရေးအတွက် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မရမ်းတလင်းကျေးရွာတွင် သွားရောက်နေထိုင်ခဲ့သည်။ သို့သော်လည်း ၎င်းနေထိုင်ရာ အယူတော်မင်္ဂလာခြံတွင် ဗေဒင်ပရိသတ်များ အဆက်မပြတ် ခဲ့ပေ။ “နိုင်ငံရေး ထောင်ထွက်တွေ သူ့ဆီသွားရင် ဗေဒင်မေးမယ့်လူတွေကြားမှာ တန်းစီစောင့်စရာမလိုဘူး၊ သူတပည့်ကို ဂေါ်နိုက် (၅ည)လို့ပြောခိုင်းရင် ချက်ချင်းခေါ်တွေ့တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ဆိုသည်။
၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအတွင်း ဟောပြောချက်များကြောင့် စစ်အစိုးရက မင်းသိင်္ခကို အင်းစိန်ထောင်အတွင်းသို့ ထပ်မံပို့ဆောင်ခဲ့သည်။ (ရှစ်ဂဏန်းနှင့် ပါတ်သက်ပြီးယုံကြည်စွဲလမ်းမှု တစ်မျိုးရှိနေသူ မင်းသိင်္ခသည် ၁၉၈၈ နှောင်းပိုင်းကလည်း နိုင်ငံရေးနှင့်ပတ်သက်ပြီး ရှေ့ရေးအလားအလာအချို့ကိုထင်ရှားပြတ်သားစွာ သိမြင်ထားသူတစ်ဦးပမာ ပြောဆိုလုပ်ကိုင်ခဲ့ဖူးကြောင်းနှင့် အကြောင်းမတိုက်ဆိုင်စွာ ဒုက္ခဆင်းရဲတွေ့ကြုံရရှာကြောင်း သိမီသူများကပြောကြသည်။)

မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဆရာမင်းသိင်္ခ၏ (အသစ်တဖန်) ပြောကြားချက်ကို ၎င်း၏ တပည့် ဖြစ်သူ ဆရာ ဇင်ယော်နီက “မြန်မာနိုင်ငံ ကောင်းခါနီးပြီ။ အဲဒါကို သူမီချင်သေးတယ်၊ ကြည့်ချင် သေးတယ်ဆိုတဲ့စကားမျိုး သူပြောပါတယ်။ လွန်ခဲ့တဲ့ (၁) လဝန်းကျင်လောက်က ပြောသွားတာ” ဟုပြောသည်။

မဟာဂန္ဓရီခရီးစဉ်


ပါရဂူဘွဲ့ရရှိခြင်း
မဟာဂန္ဓာရီအဓိဋ္ဌာန် သုံးနှစ်ခရီးထွက်ခွာခြင်းကို ၁၉၉၇ ခုနှစ်မတ်လ၂၅ရက်နေ့တွင်စတင်သည်။ ဂန္ဓာရီခရီးစဉ်အပြီးတွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့စွန်ရှိ၊ မရမ်း တလင်းအယူတော်မင်္ဂလာခြံနေထိုင်သည်။
အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် ရိုးရာဗေဒင်ပညာ ပါရဂူဘွဲ့နှင့် မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခုရရှိထားပြီး ဆုသွားရောက် လက်ခံ မရယူခင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ဘဝနောက်ဆုံးအချိန်

နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ခံစားနေရသူ မင်းသိင်္ခသည် ဇူလိုင် (၄) ရက်က ဆေးရုံတက် ရောက်ကုသခဲ့ရပြီး ဆီးကြောပိတ်ကာ ခြေထောက် ဖြတ်ရမည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျန်းမာရေး ပြန်ကောင်းလာကာ (၁၅) ရက်နေ့ကမှ ဆေးရုံမှ ပြန်ဆင်းလာခဲ့သည်။၂၀၀၈ ဩဂုတ်လ ၁ ရက်နေ့၊ နံနက် ၆ နာရီ ၂ မိနစ်အချိန်က ရန်ကုန်မြို့ရှိ သုခကမ္ဘာအထူးကုဆေးခန်းတွင် ကွယ်လွန်သည်။
မင်းသိင်္ခ၏ တပည့်ရင်းတဦးဖြစ်သူ မင်းသိမ်းခိုင်က မင်းသိင်္ခ၏ နောက်ဆုံးအချိန်နှင့် ပတ်သက်၍ “ဆေးရုံကနေ ပြန်ဆင်းလာပြီးတော့ ခြံကို ပြန်ရောက်လာတယ်။ မနေ့က မနက်ကမှ ထူးထူးဆန်းဆန်း စကားတွေပြောတယ်။ ငါ ထွက်တော့ မယ်တဲ့။ ငါ့အခန်းထဲကို ပို့တဲ့။ အခန်းထဲ ရောက်တာနဲ့ ငါပြီးပြီတဲ့။ အဲလို့ပြောပြီး အခန်းထဲ ဝင်သွား တယ်။ ဒီနောက် ရုတ်တရက် အခြေအနေဆိုးလာလို့ မနေ့ကမနက်က ဆေးခန်းကို ပို့လိုက်တာ။ (၁) ရက်ပဲကြာတယ် နှလုံးရပ်ပြီး ဆုံးသွားတာ” ဟု ဆိုသည်။
၂၀၀၈ခုနှစ် ဩဂုတ်လ ၅ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရေဝေးသုဿန်၌ဂူသွင်းသဂြိင်္ုလ်သည်။ ဆရာကြီးကွယ်လွန်ချိန်တွင် ဇနီးဟောင်း ဒေါ်အေးအေး သားဖြစ်သူ မောင်မောင်သစ်၊ ညီဖြစ်သူ ဝင်းဇော်(သစ်တော)နှင့် ညီမတဦးတို့သာ ကျန်ရစ်ခဲ့သည်။ 

မင်းသိင်္ခ၏ထင်ရှားသောစာအုပ်အချို့

၁။ မနုစာရီ(၁၉၇၆)
၂။ ဆားပုလင်းနှင်းမောင်နှင့်ပိတုန်းသုံးကောင်(၁၉၇၇)
၃။ ဆားပုလင်းနှင်းမောင်နှင့်ခေါင်းမြီးခြုံလုံပါပေ့(၁၉၇၈)
၄။ ဆားပုလင်းနှင်းမောင်နှင့်မြိုင်ရာဇာတာတေ(၁၉၇၈)
၅။ ပုဏ္ဏားဘကွန်း(၁၉၇၈)
၆။ စနေမောင်မောင်(၁၉၇၉)
၇။ ဆားပုလင်းနှင်းမောင်နှင်မတစ်ထောင်တစ်ကောင်ဖွား(၁၉၇၉)
၈။ ဆားပုလင်းနှင်းမောင်နှင့်မမင်းဖြူမှန်မှန်ပြော(၁၉၇၉)
၉။ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား(၁၉၈၀)
၁၀။ ပြည်ကြီးမဏ္ဍိုင်မြကြီး(၁၉၈၀)
၁၁။ ဆားပုလင်းနှင်းမောင်နှင့်ပျားစွဲသောမုတ်ဆိတ်(၁၉၈၁)
၁၂။ ပက်ထရစ်ရွှေဂေါင်း(၁၉၈၁)
၁၃။ ဆားပုလင်းနှင်းမောင်နှင့်ဗိုက်ပူသူတော်(၁၉၈၂)
၁၄။ ဖြစ်ချင်တာဖြစ်မောင်ဘချစ်(၁၉၈၂)
၁၅။ ဆားပုလင်းနှင်းမောင်နှင့်မိုက်ခဲကျောက်ပွင့်(၁၉၈၃)
၁၆။ မသွားမီကရောက်နှင့်သည်(၁၉၈၃)
၁၇။ ပျော်ပါတယ် မောင်ပြည်သိမ်း(၁၉၈၃)
၁၈။ ဆားပုလင်းနှင်းမောင်နှင့်ဘမျိုးဘိုးတူဗယ်သန်ဘမှန်(၁၉၈၄)
၁၉။ ပြည်တော်ဝင်စနေမောင်မောင်(၁၉၈၄)
၂၀။ မောင်မင်းကြီးသားမောင်မြဖေ(၁၉၈၄)
၂၁။ ဆားပုလင်းနှင်းမောင်နှင့် မြကျွန်းပေါ်ကမျောက်သုံးကောင်(၁၉၈၅)
၂၂။ ဆားပုလင်းနှင်းမောင်နှင့်မြိုင်မဟာမမြလေး(၁၉၈၆)
၂၃။ ဘာဘာဘာမှမသိဘူး(၁၉၈၆)
၂၄။ မာလိန်မှူးထူးစိန်(၁၉၈၆)
၂၅။ စနေမောင်မောင်နှင့်ပါပလူမျိုးကိုးဆယ့်ကိုး(၁၉၈၇)
၂၆။ ဝတ္တုတိုပေါင်းချုပ် အမှတ်(၁)
၂၇။ ဝတ္တုတိုပေါင်းချုပ် အမှတ်(၂)
၂၈။ ပြောထုံးဖြစ်အောင်ငနက်ခေါင်(၁၉၈၈)
၂၉။ သူတော်စင်မလေးပုဏ္ဏရိက(၁၉၈၈)
၃၀။ မဟာမြိုင်ခရီးသည်(၁၉၉၃)
၃၁။ ဆားပုလင်းနှင်းမောင်နှင့်ဘုမ္မာဝတီအရှုပ်တော်ပုံ(၁၉၉၄)
၃၂။ မုတ်ဆိတ်ဖြူနှင့်အခြားဝတ္တုတိုများ(၁၉၉၄)
၃၃။ ဝေဒမောင်မောင်(၁၉၉၄)
၃၄။ တူသောဝတ္တုတိုများပေါင်းချုပ်(၁၉၉၅)
၃၅။ ပုဂံသားမောင်ဘမော်(၁၉၉၅)
၃၆။ မနောမယဖက်ဖူးယောင်(၁၉၉၅)
၃၇။ မနောမယမြသက်လှယ်(၁၉၉၅)
၃၈။ မနောမယလက်ဆောင် အမှတ်(၁) (၁၉၉၅)
၃၉။ မနောမယလက်ဆောင် အမှတ်(၂) (၁၉၉၅)
၄၀။ ပတ္တမြားမိုး(၁၉၉၆)
၄၁။ မနောမယပုတီး(၁၉၉၆)
၄၂။ မနောမယလက်ဆောင်ပေါင်းချုပ်(၁၉၉၆)
၄၃။ ဖီလိုဆိုဖာဦးမြသာ(၁၉၉၇)
၄၄။ မြေလျှောက်ဝိဇ္ဇာရွှေမြသာ(၁၉၉၇)
၄၅။ တားရော့ဟောနည်း(၂၀၀၁)
၄၆။ မတတ်ပါ့(၂၀၀၂)
၄၇။ မောင့်ညိုချော(၂၀၀၂)
၄၈။ဆားပုလင်းနှင်းမောင်နှင့်သေသောသူသည်သုဿန်သို့သွားသည်(၂၀၀၂) (ဒုတိယအကြိမ်ဖြစ်မည်၊ ၁၉၈၀ ဝန်းကျင်ကပုံနှိပ်သော စာအုပ်ဟောင်းကို ဖတ်ရှုရဖူးသည်။)
၄၉။ မအောင်ရင်
၅၀။ မြိုင်ဟေဝန်
၅၁။ မိုးနဲ့မြေ
(တစ်ပွဲစားဦးနှော) (မင်းဂွတ်သီးသုံးလုံး) စသောရုပ်ပြ ဇာတ်လမ်းအချို့လည်းထုတ်ဝေဖူးသည်။ (စတုမဟာရာဇ်) ဟူသော တိပ်ခွေအသံသွင်းဇာတ်လမ်းခွေလည်း ထွက်ရှိဖူးသည်။




ဘလော့ခရီးသည်{ ဒီမှာ } သွားလိုက်ပါ



စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Cbox
Blog Tips

 
နည်းပညာ နှင့် စာပေများကို စုစည်းထားကာ ပြန်လည် မျှဝေ ခံစားလိုက်ပါတယ်နော်- အောင်အောင် ( မကစ )